poems
Wednesday, July 19, 2017
တို့ရိုးရာမုန့််များ
''တို့ရိုးရာမုန့်များ''
ကောက်ညှင်းပေါင်းနဲ့ ဗယာကြော်
နှမ်းထောင်းဖြူးတော့ မွှေးသနော်။
မုန့်ဆီကြော် ကဆီရွှဲရွှဲ
မုန့်စိမ်းပေါင်းနဲ့ မုန့်ကျွဲသဲ။
မုန့်ဖက်ထုပ်လည်းကျက်ပါပြီ
ငှက်ပျောဖက်နံ့ သင်းနေသည်။
တို့ပြည်တို့ရွာ တို့မုန့်များ
တို့တွေအတူတူစား။
တကူကူးတေးသံ
''တကူကူးတေးသံ''
တကူကူးကူး ကူးကူးကူး
ငြိမ်းချမ်းခြင်းရဲ့နိမိတ်ထူး။
ကြည်နှူးချိုသာ တွန်သံဖြာ
ပင်ကိုင်းထက်က ချိုးငှက်ပါ။
နွေနေပူမှာ ဆာယာတေး
တို့ပြည်သာဖို့ ရင့်ကျူးပေး။
သွေးသားရင်းနော် တို့ပြည်ပေါ်
ဝိုင်းဝန်းညှိနှိုင်းအဖြေဖော်။
ချိုးငှက်ခေါ်တဲ့ ကောင်းကင်လမ်း
မောင်တို့မယ်တို့လျှောက်ကြစမ်း ...
တကူ ကူးကူး တေးသံဆန်း။
ချယ်ရီဆုတောင်း
"ချယ်ရီဆုတောင်း"
အေးချမ်းလှတဲ့ တောင်ပေါ်ပေ
တောင်ကြီး ကလော အောင်ပန်းမြေ
ထင်းရှူးရနံ့ သင်းပျံ့နေ။
ချယ်ရီတွေရယ်ဝေပါစ
မြူနဲ့ နှင်းနဲ့ တောင်ခိုးကြွ
ညှို့ညှို့မှိုင်းတဲ့သူ့အလှ။
ပေါင်းစုမျှတအေးအတူ
ဓနု ပအို့ ရှမ်းတောင်သူ
ပလောင် အင်းသားနဲ့ လားဟူ။
သွေးချင်းဟူသမျှညီစေကြောင်း
အားသစ်မာန်သစ်သွေးသစ်လောင်း
ချယ်ရီ ဆုတောင်းပြည့်စေကြောင်း။
ကိုယ်ထွင်တဲ့လမ်း
"ကိုယ်ထွင်တဲ့လမ်း"
လိုရာကိုယူ
ကိုယ်သာအပူထူတတ်တယ်လို့
မတွေးခဲ့ပါသူ။
စိတ်ချင်းတော့ ဘယ်မတူ
ဖေးကူဖို့အရေး။
မေတ္တာကိုချစ်စွာပေးလို့
ကိုယ့်လမ်းကိုယ်ရွေး။
in the flight from YGN to CH M by Bangkok air way 2:14pm 12th april 2017
ရေသဘင်ပွဲ
ရေသဘင်ပွဲ
နွေရနံ့တွေဆောင်ယူပေ
သင်္ကြန်ဦးလေပြေ။
ပိတောက်ခက်ဝေမွှေးကြိုင်လန်း
ခုပင်ပွင့်ချင်စမ်း။
ပင်လုံးလန်းတဲ့ ငုရွှေဝါ
ပန်းပန်လျက်ပါ။
ဘယ်နှစ်ဘယ်ခါရောက်စေမြဲ
နှစ်သစ်ကူးကိုကြိုမှာပဲ
ရေသဘင်ပွဲတို့ဆင်နွဲ။
ငြိမ်းချမ်းပါစေ မေတ္တာဝေ
''ငြိမ်ချမ်းပါစေ မေတ္တာဝေ''
ညအမှောင်မှာ
လရောင်ဖြာတော့
ကောင်းကင်မော့ကာကြည့်မိသည်။
တိမ်ကင်းစင်ကာ
ကြယ်များစွာနဲ့
ကြည်နှူးးဝင်းလဲ့စိတ်တည်ကြည်။
အာရုံကောင်းစွာ
မေတ္တာပွားလျှင်
သူငါမြဲစဉ် အေးချမ်းမည်။
အေးချမ်းကြမှ တို့ဘဝ
လှပချမ်းသာမည်။
ညစဉ်ပို့သ မေတ္တာမျှ
ငြိမ်းချမ်းကြပါစေ (စည်)။
တပေါင်းအလှ
''တပေါင်းအလှ''
နေ့ပူလို့ညချမ်း
တပေါင်းလဆန်းကြယ်။
နှင်းအကုန်မြူအကူး
အလှထူးပေတယ်။
ဥသြကစာစာကျယ်
သာယာဖွယ်တောတန်း။
အပန်းဖြေဒီနွေဦးမှာ
သဲပုံကာစေတီရည်စူးစရာ
ဦးခိုက်ကာမှန်း
(အိုဗျ)ဖူးလိုက်ကြစမ်း။
အာဇာနည်နေ့ အတွေးများ
"အာဇာနည်နေ့အတွေးများ"
အဲဒီနေ့မှာ မိုးတွေရွာ
ပြည်သူ့မျက်ရည်ဖြာခဲ့တယ်။
သေနတ်ကျည်သံဗြောင်းဗြောင်းညံ
ယမ်းခိုးနံ့မှန် ဝေခဲ့တယ်။
အာဇာနည်ပေါင်း ဘဝကြောင်း
တိုင်းပြည်ကြမ္မာပြောင်းခဲ့တယ်။
ခေတ်အဆက်ဆက်အမေ့ခက်
ဒီနေ့ရက်ကိုအောက်မေ့ဖွယ်။
ငါတို့ခေတ်ဝယ် အရေးကြွယ်
ဆင်ခြင်ရှေးရှု သတိပြုမယ်။
ထွန်းထွန်း (ဂီတမိတ်)
Monday, June 5, 2017
နှင်းစက်သမိုင်း
”နှင်းစက်သမိုင်း”
ကိုင်းဖျားကနှင်းစက်
လေပြည်ရယ်သူနှိပ်စက်တော့
ကြွေရော့ပေါ့တစ်ရာသီ…။
ငှက်ပလီတွန်ကျူး
ခမျာအလွန်မြူးတာကြောင့်လည်း
စိုးနှောင့်ပါသည်…။
နွေဦးကမှုန်ရီရီ
ထုံးစံဖွဲ့တော့မမှီသေး…။
နှင်းငွေရည်သူအေးမြ
ဘဝရဲ့တခဏတာအလှ
နေခြည်ဖြာလေပြည်သာတိုင်း
ပင်ကိုင်းကိုနှုတ်ဆက်
သူ့အသက်ကိုစတေး…
သြော်…သူ့အသက်ကိုစတေး…။ ။
ထွန်းထွန်း(ဂီတမိတ်)
မြန်မာ့နွေဦး
နှစ်သစ်ဆုခြွေမေတ္တာဝေ
"နှစ်သစ်ဆုခြွေ မေတ္တာဝေ..."
လောကစုံလင် ဘုံတခွင်
ကုန်စင်များစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ
သောကကင်းစင် အေးချမ်းစဉ် လန်းရွှင်ကြပါစေ
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ပို့သမေတ္တာ ဝေနေယျာ မှန်စွာရပါစေ။
ထွန်းထွန်း(ဂီတမိတ်)
ပမာဒ
"ပမာဒ"
မိုးမှောင်တခါ
မကျလာသရွေ့....။
ပြာလွင်တဲ့ ကောင်းကင်အောက်ဆို
မုန်တိုင်းကိုမေ့...။
ထွန်းထွန်း(ဂီတမိတ်)
ဧရာကမ်းမှအလွမ်းစာ
“ဧရာ ကမ်းမှ အလွမ်းစာ”
မြစ်နှစ်လီ ချစ်ကြည်မှ
ဖြစ်တည်ရ ဧရာ ။
ချစ်မေတာ ရေစင်ဖျန်း
လန်းရပေတာ ။
ကျည်တွေကမိုးလိုဖြာ
ရွာတွေမှာ ပြာတွေဖြစ် ။
မျက်ရည်တွေဖြိုင်ဖြိုင်သွန်း
သောင်ထွန်းတဲ့ မြစ် … ။ ။
ညနေ ( ၆ )နာရီ 18th April 2014 နောင်နန်းရွာ - ဧရာဝတီမြစ်ဘေး- မြစ်ကြီးနားမြို့
ခေတ်ပေါ်သီချင်း
“ေ ခေတ်ပေါ်သီချင်း”
* ၀ါးဆစ်ပိတ်နှစ်ခုကိုဆောင့်တီး
စည်းဝါးကျကျ မကျကျ
သမီးသားတို့ ဝမ်းဝဖို့ အတွက်
တစ်ရက်မနား သီဆိုသွားကြရတဲ့
ခွက်ကိုင်ထားသူရဲ့ သီချင်း…။
* အိမ်ကမိအိုဖအို
တလုပ်ကယ်၀၀ အူစိုရအောင်
ကိုကိုမောင်မောင်တို့ ကအားပေး
ပန်းကုံးလေးတွေရမှ
ဒီညတွက်ခြေကိုက်မယ့်
စင်တင်တဲ့ဘီယာဆိုင်အလှဧကရီ
မိတ်ကပ်မညီရှာသူရဲ့ သီချင်း…..။
*ထင်ပေါ်ကျော်ကြားလူကြိုက်များအောင်
စပွန်ဆာတွေနဲ့ ဥာဏ်ကစား
လုံးလားထွေးလား ရှောင်လားတိမ်းလား
ဒါတွေကိုစင်အောက်ခဏထားပြီး
ပရိသတ်ကြီးအတွက် အပြူံးဆင်
အောင်မြင်ချင် သူရဲ့ သီချင်း….။
*ကဲ…ဘယ်သီချင်းက
ခံစားရသလဲ
ရင်ထဲအထိရောက်အောင်ပေါ့….။ (11:40pm 31st Mar 2014)
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)