poems
Monday, February 9, 2015
”သစ်ပင်စိုက်ကြစို့”
”သစ်ပင်စိုက်ကြစို့”
မိုးတွေရွာလို့ဝန်းကျင်စို
မြေသားကောင်းပြီဆို ။
ပေါက်ပြားတွေကိုအသာထမ်း
သွားစို့တောင်ယာစခမ်း။
သီးပင်ပန်းပင်စိုက်ပျိုးရာ
စိမ်းညှို့ရွာသာယာ။
ကျန်းမာပျော်ရွှင်အသက်ရှည်ဖို့
သစ်ပင်စိုက်ကြစို့ …။ ။
”တန်ဆောင်မုန်းဧချင်း”
”တန်ဆောင်မုန်းဧချင်း”
တန်ဆောင်မုန်းတဲ့ ချိန်ခါဆီ
ဖုံးတုန်းလုံးတုန်း ဆိုကြသည်။
ကောက်နှံစီတဲ့ လမြတ်ထူး
မိုးလေကောင်းမှ ပေါ်သစ်ဦး…။
ပျော်ရွှင်မြူးဖို့ စပါးတွေ
ပေါများလေမှ ပြုံးနိုင်ပေ…။
သည်ဆောင်းဟေမာန် လေပြည်အေး
မျှော်လင့်ချက်တွေ ယူဆောင်ပေး…
တန်ဆော်မုန်းရဲ့ ဧချင်းတေး…။ ။
”ပန်းတိုင်းပွင့်စေ မြန်မာပြည်….”
”ပန်းတိုင်းပွင့်စေ မြန်မာပြည်….”
ခါကာဘို က သစ်ခွတွေ
အခေါင်အဖျာ။စံမြန်းနေ…။
ချယ်ရီတွေက နှင်းဆွတ်ဖျန်း
ဆောင်းလေအေးတဲ့ ရှမ်းတောင်တန်း..။
သင်းရနံ့ ကတလှိုင် လှိုင်
ရခိုင် သဇင် တမြိုင် မြိုင်…။
နတ်မတောင်လုံး ခိုင်တံ ဝင့်
တောင်ဇလပ် နီ ရဲရဲ ပွင့်…။
တန်ခူးလေနဲ့ တင့်တဲ့သူ
ပိတောက်ရွှေဝါ တံခွန်ထူ…။
ချစ်ကြည့်ဖြူတဲ့ မြန်ပြည်ကြီး
ပန်းတိုင်းပွင့် တော့ ရှုမငြီး…။ ။
၁၉ - ဇန်နဝါရီ ၂၀၁၅ ( used in )Putet
”အောင်ဆန်းရာပြည့် ”
”အောင်ဆန်းရာပြည့် ”
ဆယ့်သုံးရက်နေ့ ဖေဖော်ဝါရီ
ဗိုလ်ချူပ်အောင်ဆန်း မွေးခဲ့သည်။
နတ်မောက်ဂုဏ်ရည်ထွန်းစေသား…
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး…။
ပြည်ချစ်သားမို့ နှစ်ရှည်ကြာ
တစ်ရာတိုင်လည်း မမေ့ပါ။
သတ္တိ ၊ ပညာ၊ ဇွဲ လုံ့ လ
အောင်ဆန်းဇာနည် သက်သေပြ…။
တို့တွေ အမြဲ လိုက်နာကြ…။ ။ ၁၉ ဇန်နဝါရီ ၂၀၁၅( used in )Putet
”ပတ္တမြားမြေ မိုးကုတ်မြို့”
”ပတ္တမြားမြေ မိုးကုတ်မြို့”
တောင်ပေါ်မှာတည်တဲ့ မြို့
တိမ်တွေနဲ့ ဖုံးလို့ ကာ။
ရှုလေရာ သာဘိခြင်း
နှင်းငွေ့ ဝေဖြာ။
မြေတွင်း က သူ့ ရတနာ
ကမ္ဘာကိုဆင်သ...။
ပတ္တမြားနီလာနဲ့
ရောင်စုံဖြာအညံ့ပန်းတွေ
ထူးကဲပေစွ ။ ။( used in )Putet
လွမ်းသူ့ ရင်တွင်း
လွမ်းသူ့ ရင်တွင်း
*နားထောင်နေတယ်လေ…
ကိုယ်ကြားသရွေ့ပေါ့….
အာရုံတွေဖြန့်ကျက်ပြီး
မင်းအရိပ်တွေကို ခံစားနေမိတော့…။
*နံဘေးမှာ မင်းမရှိတော့ဘူးလို့
သိလိုက်တဲ့ အဲဒီနေ့…
ခုထိကို လက်မခံချင်သေးဘူး
မေ့ လည်းမမေ့…။
*ဒီလိုနေ့တွေကို
ကြိုးစားပြီး ရင်ဆိုင်ပါမယ်…
ဒါပေမယ့်…
မင်းကိုယ့်ဆီပြန်လာမယ်လို့တော့
ကတိပေးသင့်တယ်…။ ။
ထွန်းထွန်း(ဂီတမိတ်)
”ပြည်ထောင်စုအဓိဌာန်”
”ပြည်ထောင်စုအဓိဌာန်”
တိုင်းရင်းသားတွေပေါင်းစုနေ
ငါတို့ မြန်မာပြည်။
ပင်လုံမြေမှာ ဂတိပြု
တို့ရဲ့ ပြည်ထောင်စု။
ရိုင်းပင်းမှုနဲ့ တွဲလက်ညီ
နိုင်ငံသစ်ကိုတည်...။
ငြိမ်းချမ်းမှုဆီအရောက်သွား
တို့ ရဲ့ ညီနောင်များ...။ ။
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)