Thursday, September 15, 2016

"မေ့မေ့သား"

သားလေးပန်းချီရေးတဲ့ခါ
ကမ္ဘာကြီးမှာ ဆေးရောင်ဖြာ။
သံစာစာနဲ့ တေးဆိုတော့
လောကခွင်လုံးပျော်ရွှင်ပေါ့။
တစ်ကြော့နှစ်ကြော့ ပြေးလွှားခုန်
ဘော်လုံးပိုက်လို့ ကစားစုံ။
နွေးထွေးလုံခြုံ အားအင်များ
ဘုရားရှေ့မှာ ကုသိုလ်ပွား။
ကျန်းမာပါစေ မေ့မေ့သား....
ချမ်းသာပါစေ မေ့မေ့သား... ။   ။
"တို့ရွာ ကစားကွင်း"

ညနေခင်းမို့ မှုန်ရီရီ
မြေတလင်းမှာ ဆုံကြပြီ။
ပြေးခုန်စုံညီဆော့ကစား
တစ်ရွာလုံးက ကလေးများ။
လနတ်သားက အချစ်ပို
သူ့အလင်းနဲ့ထွေးပွေ့ကြို။
တေးတကြော်ကြော်သီဆိုလို့
ဒီတစ်ညတော့ နှုတ်ဆက်စို့
နောက်ညများမှာတွေ့ကြဖို့။    



"ရောင်စုံနှင်းဆီ"

နှင်းဆီဆို အနီမှ
ကျွန်တော်ကကြိုက်တာ။
ရဲရင့်ကာ ဝင့်ကြွား
ထင်ရှားပေရာ။
သမီးအကြိုက်နှင်းဆီမှာ
သိမ်မွေ့စွာဖြူလွှ။
ရနံ့မှာ ကြူကြူမွှေး
ရင်အေးပေစွ။
ပန်းနုရောင်နှင်းဆီမှ
ပိုလှတယ်မေမေထင်။
နှင်းဆီတွင်အရောင်ကွဲ
များလှစုံလင်။
သူ့အဆင်းဘယ်လိုပင်
မတူပေသော်လည်း။
သူ့အနေနဲ့သူလှကြတယ်
နှင်းဆီတွေပဲ။






တောင်ကမ်းပါးယံ မြေအနှံ့
ပြန့်ပြောလှတဲ့ စိုက်ခင်းတွေ
တို့ပြည်ကိုဝမ်းစာကျွေး
ခေတ်ဆက်ဆက်ပေ...
သမိုင်းကပေးတဲ့ အမွေ
ဌာနေမှာအပြည့်
ရိုးရာကိုတိုးကာထိမ်းတယ်
ရင်တွင်းပီတိ...
(ကလော..အောင်ပန်း..ပင်းတယ အသွား ကားပေါ်တွင်အမှတ်တရ)7th April 2015

"စိုက်ကြပျိုးကြဒီကာလ"

မိုးဦးကာလ ရောက်ပြီဆို
စိုက်ဖို့ပျိုးဖို့အထူးပိုမို
မြေဆီသြဇာ နူးစိုစို ... ။

မြက်ရိုင်းတွေကိုရှင်းလင်းမှ
သီးပင်စားပင်အရိပ်ရ
အပင်မျိုးစုံစိုက်ပျိုးကြ ... ။

စိုက်ခင်းတွေက ရာသီကုန်
ခူးဆွတ်ရမယ်အဖုံဖုံ
တို့တွေစားသုံးဖို့ ဖူလုံ ... ။

ဘဝလုံခြုံ ကျန်းမာရေး
အပင်ကြီးတွေစိုက်ပျိုးပေး
အနာဂတ်ကမ္ဘာတွက် သက်ရှည်ဆေး ... ။   ။
(10pm   8th June 2015)
"ခရေသတင်း"

အပင်မှာမဝေ ... ။
ကြွေကျမြေခ
အခြေမလှပေမယ့်
ပူပါနဲ့လေ
သူက ... ခရေ ... ။
ဝေနေစဉ်လည်း သန့်သန့်ရှင်း
ကြွေလေရင်လည်း ပျံ့ပျံ့သင်း ... ။
ရလာတဲ့ဘဝအတွင်း
ပတ်ဝန်းကျင်ကိုအလှဆင်
နန်းထိုက်ချင်သူလည်းမဟုတ်
အနေကုတ်တဲ့ ခရေသတင်း
ဒါဟာ...ရွှေထုပ်တဲ့ အရည်အချင်း ... ။  ။
11th Jun2015 11pm


"ရေ+လူ=မြစ်+ဘဝ"

မြစ်တစ်ခုကောင်းဖို့
ရေလိုတယ်...
ရေရှိမှ...မြစ်ရှိမယ်
ရေရမှ...မြစ်လှမယ်
ရေကြည်မှ...မြစ်စည်မယ်
ရေသန့်မှ...မြစ်ခန့်မယ်
ရေကောင်းပါမှ...မြစ်ကြောင်းသာမယ်
ရေစီးလျင်မှ...မြစ်ကြီးရှင်မယ်
ဘဝဆိုတာကွယ်...မြစ်ကြီးဆိုရင်
လူတွေက ရေပါပဲ...
လူတွေကောင်းဖို့လိုတယ်...
ရေတွေကောင်းဖို့လိုတယ်...
လူတွေမကောင်းရင်...
ရေတွေပျက်မယ်...
မြစ်တွေပျက်မယ်...
ပြီးတော့...
ဘဝတွေလည်းပျက်လိမ့်မယ်...။   ။