Wednesday, July 19, 2017

တို့ရိုးရာမုန့််များ



''တို့ရိုးရာမုန့်များ''
ကောက်ညှင်းပေါင်းနဲ့ ဗယာကြော်
နှမ်းထောင်းဖြူးတော့ မွှေးသနော်။
မုန့်ဆီကြော် ကဆီရွှဲရွှဲ
မုန့်စိမ်းပေါင်းနဲ့ မုန့်ကျွဲသဲ။
မုန့်ဖက်ထုပ်လည်းကျက်ပါပြီ
ငှက်ပျောဖက်နံ့ သင်းနေသည်။
တို့ပြည်တို့ရွာ တို့မုန့်များ
တို့တွေအတူတူစား။


တကူကူးတေးသံ

''တကူကူးတေးသံ''
တကူကူးကူး ကူးကူးကူး
ငြိမ်းချမ်းခြင်းရဲ့နိမိတ်ထူး။
ကြည်နှူးချိုသာ တွန်သံဖြာ
ပင်ကိုင်းထက်က ချိုးငှက်ပါ။
နွေနေပူမှာ ဆာယာတေး
တို့ပြည်သာဖို့ ရင့်ကျူးပေး။
သွေးသားရင်းနော် တို့ပြည်ပေါ်
ဝိုင်းဝန်းညှိနှိုင်းအဖြေဖော်။
ချိုးငှက်ခေါ်တဲ့ ကောင်းကင်လမ်း
မောင်တို့မယ်တို့လျှောက်ကြစမ်း ...
တကူ ကူးကူး တေးသံဆန်း။




ချယ်ရီဆုတောင်း

"ချယ်ရီဆုတောင်း"
အေးချမ်းလှတဲ့ တောင်ပေါ်ပေ
တောင်ကြီး ကလော အောင်ပန်းမြေ
ထင်းရှူးရနံ့ သင်းပျံ့နေ။

ချယ်ရီတွေရယ်ဝေပါစ
မြူနဲ့ နှင်းနဲ့ တောင်ခိုးကြွ
ညှို့ညှို့မှိုင်းတဲ့သူ့အလှ။

ပေါင်းစုမျှတအေးအတူ
ဓနု ပအို့ ရှမ်းတောင်သူ
ပလောင် အင်းသားနဲ့ လားဟူ။

သွေးချင်းဟူသမျှညီစေကြောင်း
အားသစ်မာန်သစ်သွေးသစ်လောင်း
ချယ်ရီ ဆုတောင်းပြည့်စေကြောင်း။








ကိုယ်ထွင်တဲ့လမ်း

"ကိုယ်ထွင်တဲ့လမ်း"

လိုရာကိုယူ
ကိုယ်သာအပူထူတတ်တယ်လို့
မတွေးခဲ့ပါသူ။
စိတ်ချင်းတော့ ဘယ်မတူ
ဖေးကူဖို့အရေး။
မေတ္တာကိုချစ်စွာပေးလို့
ကိုယ့်လမ်းကိုယ်ရွေး။
in the flight from YGN to CH M by Bangkok air way 2:14pm 12th april 2017

ရေသဘင်ပွဲ




ရေသဘင်ပွဲ
နွေရနံ့တွေဆောင်ယူပေ
သင်္ကြန်ဦးလေပြေ။
ပိတောက်ခက်ဝေမွှေးကြိုင်လန်း
ခုပင်ပွင့်ချင်စမ်း။
ပင်လုံးလန်းတဲ့ ငုရွှေဝါ
ပန်းပန်လျက်ပါ။
ဘယ်နှစ်ဘယ်ခါရောက်စေမြဲ
နှစ်သစ်ကူးကိုကြိုမှာပဲ
ရေသဘင်ပွဲတို့ဆင်နွဲ။

ငြိမ်းချမ်းပါစေ မေတ္တာဝေ

 ''ငြိမ်ချမ်းပါစေ မေတ္တာဝေ''
ညအမှောင်မှာ
လရောင်ဖြာတော့
ကောင်းကင်မော့ကာကြည့်မိသည်။
တိမ်ကင်းစင်ကာ
ကြယ်များစွာနဲ့
ကြည်နှူးးဝင်းလဲ့စိတ်တည်ကြည်။
အာရုံကောင်းစွာ
မေတ္တာပွားလျှင်
သူငါမြဲစဉ် အေးချမ်းမည်။
အေးချမ်းကြမှ တို့ဘဝ
လှပချမ်းသာမည်။
ညစဉ်ပို့သ မေတ္တာမျှ
ငြိမ်းချမ်းကြပါစေ (စည်)။




တပေါင်းအလှ

''တပေါင်းအလှ''
နေ့ပူလို့ညချမ်း
တပေါင်းလဆန်းကြယ်။
နှင်းအကုန်မြူအကူး
အလှထူးပေတယ်။
ဥသြကစာစာကျယ်
သာယာဖွယ်တောတန်း။
အပန်းဖြေဒီနွေဦးမှာ
သဲပုံကာစေတီရည်စူးစရာ
ဦးခိုက်ကာမှန်း
(အိုဗျ)ဖူးလိုက်ကြစမ်း။

အာဇာနည်နေ့ အတွေးများ

"အာဇာနည်နေ့အတွေးများ"

အဲဒီနေ့မှာ မိုးတွေရွာ
ပြည်သူ့မျက်ရည်ဖြာခဲ့တယ်။
သေနတ်ကျည်သံဗြောင်းဗြောင်းညံ
ယမ်းခိုးနံ့မှန် ဝေခဲ့တယ်။
အာဇာနည်ပေါင်း ဘဝကြောင်း
တိုင်းပြည်ကြမ္မာပြောင်းခဲ့တယ်။
ခေတ်အဆက်ဆက်အမေ့ခက်
ဒီနေ့ရက်ကိုအောက်မေ့ဖွယ်။
ငါတို့ခေတ်ဝယ် အရေးကြွယ်
ဆင်ခြင်ရှေးရှု သတိပြုမယ်။
ထွန်းထွန်း (ဂီတမိတ်)