Sunday, February 15, 2015

” မှန်ထဲက ငါ”


” မှန်ထဲက ငါ”

တစ်ခန်းဖြတ်ဖို့
နန်းရပ်ပဲ ပြန်သလိုလို
တကယ်ဆို အလွမ်းဇာတ်မှန်းလည်းအသိ…။

သူများကိုညာသလိုလိုနဲ့
ကိုယ့်ကိုယ်ကိုပြန်ညာ
သံသရာဆုံးဖို့မရှိ။

ဒီလိုနဲ့ မိုးကြီးချုပ်
ကြိုးရှုပ်နေတဲ့ ရုပ်သေးရုပ်လို
စင်မြင့်ကိုသာကျောခိုင်း
ရာဇဝင်ရိုင်းလိုက်ကြ
ဇာတ်သိမ်းသီချင်းသံကြားတော့မှ
ဟို ပ သ … ဒီ ပ သ
မျက်ရည်လေးစ စ
(ဒါပေမယ့်) … ဇာတ်က ဘယ်လိုမှပြန်စ လို့မရ..။   ။

Saturday, February 14, 2015

”အားမာန်”


”အားမာန်”
လေဟုန်ကိုဆန်
အဝေးဆုံးနဲ့အမြင့်ဆုံးကို ပျံမယ့်ငှက်…။
တစ်မွှေးမှ အကျွတ်မခံ
ဇွဲသတ္တိအားမာန်ခဲလျက်
မိုးကောင်းကင်ထဲ ခရီးဆက်…။   ။

Tuesday, February 10, 2015

”နှစ်ကူးတေး”


”နှစ်ကူးတေး”
စိုးစီ စိုးစီ ၊ သံစုံမြည်လျက်
တောကျေးငှက်တို့ ၊ စိတ်လက်ရွှင်မြူး
အာရုဏ်ဦးကို ၊ အထူးကြိုကြ
ကြည်နူးရသည်
နှစ်ကူးပြီဟု သိရ်ျလော…။   ။

“ကြက်မိသားစု ပညာရေး“


“ကြက်မိသားစု ပညာရေး“

သားတို့ သမီးတို့ ဒီကိုလာ
အစာရှာဖို့သင်ပေးမှာ…။
ကြက်မေမေခမျာရှေု့ဆောင်ပြီး
မြေကိုယက်ကာ ဖွေရှာမငြီး…။
သမီးဒီဟာ စားနိုင်တယ်
တီကောင် ကလေး ခပ်ငယ်ငယ်…။
နှုတ်သီးလေးကို ရွယ်ကာဆ
ဟော ဒီလိုလေး စားလိုက်ကြ…။
အကြီးကောင် ကအော်နေပြန်
ပိညှက် ပိညှက် ဆူဆူညံ…။
သူ့ အသံကြောင့် အပြေးသွား
ဘာဖြစ်တာလဲ ပြောပါသား…။
ဒါရောစားရမှာလားဟင်
ကွေးကွေးကောက်ကောက် နီနီ ပင်…။
အမြင်မှာ ဆင်တူပေငြား
သားရေကွင်းလို့ ခေါ်တယ်သား…။
မစားရဘုး နောင်မြင်ရင်
ရှောင်ကြဉ်ကြရမယ် အစဉ်…။
ဆင်ခြင် သင်ယူ ကလေးတို့
ဘဝတွက်တာ ကျွမ်းကျင်ဖို့…
လာ … အရှေ့ကို ဆက်သွားစို့ …။  ။

”သာဓုခေါ်ပါ ”


”သာဓုခေါ်ပါ ”

ခေါင်းလောင်းသံက ဒေါင်ဒေါင်းဒင်
စေတီဦးက ကုသိုလ် ရှင်…။
ဆက်ကပ်တင်လှူ ဆွမ်းရေချမ်း
နံ့သာတိုင်နဲ့ ဆီမီးပန်း ။
စောင်းတန်းကြီး နဲ့ ရင်ပြင်ကျယ်
တံမြက်စည်းလှည်းလို့ သန့်ရှင်းတယ်။
အသွယ်သွယ်သော ကုသိုလ် အဖို့
အမျှ အတန်းဝေကြစို့
သာဓုခေါ်လိုက်ကြပါဗျို့  …။   ။

”ငြိမ်းချမ်းသာယာတို့ကမ္ဘာ”


”ငြိမ်းချမ်းသာယာတို့ကမ္ဘာ” FOR SEP 2014
နေမင်းကြီးကို ဘယ်သူပိုင်
သူပိုင် ကိုယ်ပိုင် အားလုံးပိုင်…
ကျေးငှက်တွေလည်းပိုင် … ။
အလှထိုင်ကာ ကြည့်လိုက်စမ်း
အမှောင်တစ်ခြမ်း လင်းတစ်ခြမ်း
တို့အားလုံးရဲ့ သော်တာစန်း…။
လက်တွေကမ်းစို့ တို့ တတွေ
မခွဲခြားဘဲ တူတူနေ
ကမ္ဘာသူ ကမ္ဘာသားချင်းချင်းပေ…။
ချစ်မေတ္တာတွေ ပေးဝေလို့
သာယာပျော်ရွှင်ငြိမ်းချမ်းဖို့
စောင့်ရှောက်ကူညီကြပါစို့…။   ။

Monday, February 9, 2015

”ပုဂံမျိုးမို့ စွမ်းကြစေ”


”ပုဂံမျိုးမို့ စွမ်းကြစေ”
ရှေးခေတ်ပုဂံ
နံရံမှာ ဆေးမှင်ရေး…။
နှစ်ထောင်ချီ ကြာသည့်တိုင်
တွေ့ မြင်နိုင်သေး…။
တို့ ဘိုး တို့ ဘေးတို့ အမွေ
ကြီးကျယ်ပေစွ…။
တို့ခေတ်မှာ မနိမ့်ကျအောင်
မြင့်သထက် မြင့်မားကြအောင်
စွမ်းဆောင်ပေကြ…။   ။
(၁၈ ဇန်နဝါရီ  ၂၀၁၅ မနက် ၉  နာရီ ၄၅ မိနစ်)

”နှစ်သစ်ဆုတောင်း”


”နှစ်သစ်ဆုတောင်း”

အုပ်လိုက်သင်းလိုက်
ငှက်တစ်သိုက်လည်း
နှစ်ခြိုက်ဝဲပျံ
ကောင်းကင်ယံတွင်
ပျော်ရွှင်မြူးတူး
နှစ်သစ်ကူးကို
အထူးကြိုသို့
မျှော်လင့်လို့နေ
ဘေးကင်းစေကြောင်း
မိတ်ဆွေပေါင်းလည်း
နှစ်ဟောင်းနှုတ်ဆက်
ဒီမနက်မှ
ထာဝရပင်
အေးချမ်းစဉ်မြဲ
မေတ္တာစွဲရ်ျ
ချစ်ပွဲ ဝင်နိုင်စေကုန်သတည်း …. ။    ။

”သစ်ပင်စိုက်ကြစို့”


”သစ်ပင်စိုက်ကြစို့”
မိုးတွေရွာလို့ဝန်းကျင်စို
မြေသားကောင်းပြီဆို ။
ပေါက်ပြားတွေကိုအသာထမ်း
သွားစို့တောင်ယာစခမ်း။
သီးပင်ပန်းပင်စိုက်ပျိုးရာ
စိမ်းညှို့ရွာသာယာ။
ကျန်းမာပျော်ရွှင်အသက်ရှည်ဖို့
သစ်ပင်စိုက်ကြစို့ …။  ။

”တန်ဆောင်မုန်းဧချင်း”


”တန်ဆောင်မုန်းဧချင်း”
တန်ဆောင်မုန်းတဲ့ ချိန်ခါဆီ
ဖုံးတုန်းလုံးတုန်း ဆိုကြသည်။
ကောက်နှံစီတဲ့ လမြတ်ထူး
မိုးလေကောင်းမှ ပေါ်သစ်ဦး…။
ပျော်ရွှင်မြူးဖို့ စပါးတွေ
ပေါများလေမှ ပြုံးနိုင်ပေ…။
သည်ဆောင်းဟေမာန် လေပြည်အေး
မျှော်လင့်ချက်တွေ ယူဆောင်ပေး…
တန်ဆော်မုန်းရဲ့ ဧချင်းတေး…။   ။

”ပန်းတိုင်းပွင့်စေ မြန်မာပြည်….”


”ပန်းတိုင်းပွင့်စေ  မြန်မာပြည်….”
ခါကာဘို က သစ်ခွတွေ
အခေါင်အဖျာ။စံမြန်းနေ…။
ချယ်ရီတွေက နှင်းဆွတ်ဖျန်း
ဆောင်းလေအေးတဲ့ ရှမ်းတောင်တန်း..။
သင်းရနံ့ ကတလှိုင် လှိုင်
ရခိုင် သဇင် တမြိုင် မြိုင်…။
နတ်မတောင်လုံး ခိုင်တံ ဝင့်
တောင်ဇလပ် နီ ရဲရဲ ပွင့်…။
တန်ခူးလေနဲ့ တင့်တဲ့သူ
ပိတောက်ရွှေဝါ တံခွန်ထူ…။
ချစ်ကြည့်ဖြူတဲ့ မြန်ပြည်ကြီး
ပန်းတိုင်းပွင့် တော့ ရှုမငြီး…။   ။
၁၉ - ဇန်နဝါရီ ၂၀၁၅    ( used in )Putet  

”အောင်ဆန်းရာပြည့် ”


 ”အောင်ဆန်းရာပြည့် ”
ဆယ့်သုံးရက်နေ့ ဖေဖော်ဝါရီ
ဗိုလ်ချူပ်အောင်ဆန်း မွေးခဲ့သည်။
နတ်မောက်ဂုဏ်ရည်ထွန်းစေသား…
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး…။
ပြည်ချစ်သားမို့ နှစ်ရှည်ကြာ
တစ်ရာတိုင်လည်း မမေ့ပါ။
သတ္တိ ၊ ပညာ၊ ဇွဲ လုံ့ လ
အောင်ဆန်းဇာနည် သက်သေပြ…။
တို့တွေ အမြဲ လိုက်နာကြ…။   ။ ၁၉  ဇန်နဝါရီ ၂၀၁၅( used in )Putet

”ပတ္တမြားမြေ မိုးကုတ်မြို့”


 ”ပတ္တမြားမြေ မိုးကုတ်မြို့”

တောင်ပေါ်မှာတည်တဲ့ မြို့
တိမ်တွေနဲ့ ဖုံးလို့ ကာ။
ရှုလေရာ သာဘိခြင်း
နှင်းငွေ့ ဝေဖြာ။
မြေတွင်း က သူ့ ရတနာ
ကမ္ဘာကိုဆင်သ...။
ပတ္တမြားနီလာနဲ့
ရောင်စုံဖြာအညံ့ပန်းတွေ
ထူးကဲပေစွ  ။   ။( used in )Putet

လွမ်းသူ့ ရင်တွင်း


လွမ်းသူ့ ရင်တွင်း
*နားထောင်နေတယ်လေ…
 ကိုယ်ကြားသရွေ့ပေါ့….
 အာရုံတွေဖြန့်ကျက်ပြီး
 မင်းအရိပ်တွေကို ခံစားနေမိတော့…။
*နံဘေးမှာ မင်းမရှိတော့ဘူးလို့
 သိလိုက်တဲ့ အဲဒီနေ့…
 ခုထိကို လက်မခံချင်သေးဘူး
 မေ့ လည်းမမေ့…။
*ဒီလိုနေ့တွေကို
  ကြိုးစားပြီး ရင်ဆိုင်ပါမယ်…
 ဒါပေမယ့်…
 မင်းကိုယ့်ဆီပြန်လာမယ်လို့တော့
 ကတိပေးသင့်တယ်…။   ။
ထွန်းထွန်း(ဂီတမိတ်)

”ပြည်ထောင်စုအဓိဌာန်”



”ပြည်ထောင်စုအဓိဌာန်”

တိုင်းရင်းသားတွေပေါင်းစုနေ
ငါတို့ မြန်မာပြည်။
ပင်လုံမြေမှာ ဂတိပြု
တို့ရဲ့ ပြည်ထောင်စု။
ရိုင်းပင်းမှုနဲ့ တွဲလက်ညီ
နိုင်ငံသစ်ကိုတည်...။
ငြိမ်းချမ်းမှုဆီအရောက်သွား
တို့ ရဲ့ ညီနောင်များ...။   ။