Thursday, September 15, 2016

"မေ့မေ့သား"

သားလေးပန်းချီရေးတဲ့ခါ
ကမ္ဘာကြီးမှာ ဆေးရောင်ဖြာ။
သံစာစာနဲ့ တေးဆိုတော့
လောကခွင်လုံးပျော်ရွှင်ပေါ့။
တစ်ကြော့နှစ်ကြော့ ပြေးလွှားခုန်
ဘော်လုံးပိုက်လို့ ကစားစုံ။
နွေးထွေးလုံခြုံ အားအင်များ
ဘုရားရှေ့မှာ ကုသိုလ်ပွား။
ကျန်းမာပါစေ မေ့မေ့သား....
ချမ်းသာပါစေ မေ့မေ့သား... ။   ။
"တို့ရွာ ကစားကွင်း"

ညနေခင်းမို့ မှုန်ရီရီ
မြေတလင်းမှာ ဆုံကြပြီ။
ပြေးခုန်စုံညီဆော့ကစား
တစ်ရွာလုံးက ကလေးများ။
လနတ်သားက အချစ်ပို
သူ့အလင်းနဲ့ထွေးပွေ့ကြို။
တေးတကြော်ကြော်သီဆိုလို့
ဒီတစ်ညတော့ နှုတ်ဆက်စို့
နောက်ညများမှာတွေ့ကြဖို့။    



"ရောင်စုံနှင်းဆီ"

နှင်းဆီဆို အနီမှ
ကျွန်တော်ကကြိုက်တာ။
ရဲရင့်ကာ ဝင့်ကြွား
ထင်ရှားပေရာ။
သမီးအကြိုက်နှင်းဆီမှာ
သိမ်မွေ့စွာဖြူလွှ။
ရနံ့မှာ ကြူကြူမွှေး
ရင်အေးပေစွ။
ပန်းနုရောင်နှင်းဆီမှ
ပိုလှတယ်မေမေထင်။
နှင်းဆီတွင်အရောင်ကွဲ
များလှစုံလင်။
သူ့အဆင်းဘယ်လိုပင်
မတူပေသော်လည်း။
သူ့အနေနဲ့သူလှကြတယ်
နှင်းဆီတွေပဲ။






တောင်ကမ်းပါးယံ မြေအနှံ့
ပြန့်ပြောလှတဲ့ စိုက်ခင်းတွေ
တို့ပြည်ကိုဝမ်းစာကျွေး
ခေတ်ဆက်ဆက်ပေ...
သမိုင်းကပေးတဲ့ အမွေ
ဌာနေမှာအပြည့်
ရိုးရာကိုတိုးကာထိမ်းတယ်
ရင်တွင်းပီတိ...
(ကလော..အောင်ပန်း..ပင်းတယ အသွား ကားပေါ်တွင်အမှတ်တရ)7th April 2015

"စိုက်ကြပျိုးကြဒီကာလ"

မိုးဦးကာလ ရောက်ပြီဆို
စိုက်ဖို့ပျိုးဖို့အထူးပိုမို
မြေဆီသြဇာ နူးစိုစို ... ။

မြက်ရိုင်းတွေကိုရှင်းလင်းမှ
သီးပင်စားပင်အရိပ်ရ
အပင်မျိုးစုံစိုက်ပျိုးကြ ... ။

စိုက်ခင်းတွေက ရာသီကုန်
ခူးဆွတ်ရမယ်အဖုံဖုံ
တို့တွေစားသုံးဖို့ ဖူလုံ ... ။

ဘဝလုံခြုံ ကျန်းမာရေး
အပင်ကြီးတွေစိုက်ပျိုးပေး
အနာဂတ်ကမ္ဘာတွက် သက်ရှည်ဆေး ... ။   ။
(10pm   8th June 2015)
"ခရေသတင်း"

အပင်မှာမဝေ ... ။
ကြွေကျမြေခ
အခြေမလှပေမယ့်
ပူပါနဲ့လေ
သူက ... ခရေ ... ။
ဝေနေစဉ်လည်း သန့်သန့်ရှင်း
ကြွေလေရင်လည်း ပျံ့ပျံ့သင်း ... ။
ရလာတဲ့ဘဝအတွင်း
ပတ်ဝန်းကျင်ကိုအလှဆင်
နန်းထိုက်ချင်သူလည်းမဟုတ်
အနေကုတ်တဲ့ ခရေသတင်း
ဒါဟာ...ရွှေထုပ်တဲ့ အရည်အချင်း ... ။  ။
11th Jun2015 11pm


"ရေ+လူ=မြစ်+ဘဝ"

မြစ်တစ်ခုကောင်းဖို့
ရေလိုတယ်...
ရေရှိမှ...မြစ်ရှိမယ်
ရေရမှ...မြစ်လှမယ်
ရေကြည်မှ...မြစ်စည်မယ်
ရေသန့်မှ...မြစ်ခန့်မယ်
ရေကောင်းပါမှ...မြစ်ကြောင်းသာမယ်
ရေစီးလျင်မှ...မြစ်ကြီးရှင်မယ်
ဘဝဆိုတာကွယ်...မြစ်ကြီးဆိုရင်
လူတွေက ရေပါပဲ...
လူတွေကောင်းဖို့လိုတယ်...
ရေတွေကောင်းဖို့လိုတယ်...
လူတွေမကောင်းရင်...
ရေတွေပျက်မယ်...
မြစ်တွေပျက်မယ်...
ပြီးတော့...
ဘဝတွေလည်းပျက်လိမ့်မယ်...။   ။

"မိုး ၂၀၁၅"

နွေအပူ သူကဲခဲ့သမျှ
မစဲတော့တဲ့မိုးအခါ ... ။
ချောင်းမြစ်ရေ ဆည်တွေကျိုး
လယ်တွေ တိုးပျက်တော့တာ ... ။
မြောက်ဖက်ကမိုးတွေရွာ
တောင်ဖက်မှာ ရေတွေကြီး ... ။
"တိမ်တမန်"မဆိုငြီးနိုင်ဘု
ငိုပြီးမနေရအောင်
မြေကမ္ဘာရာသီပြောင်းကိုတော့
သေအချာ အခါနာရီ မနှောင်းခင်ပေါ့
ကောင်းချင်တော့သတည်း ... ။
8:02 am 23th July 2015








"မြန်မာ့အရေး ၂၀၁၅"

အဖေရေးခဲ့
သွေးစက်နဲ့ စာပင်
မခြောက်သွေ့ခင်မှာဘဲ
ချောက်ထဲကျခဲ့ရတဲ့ တို့တိုင်းပြည် ... ။
ပညာနည်း
ဥစ္စာမွဲ
အတွေးခေါ်တွေမရဲခဲ့လေတော့
ဤ ကို ကျွဲဖတ်ခဲ့ရပေသည် ... ။
ခုတော့ဖြင့်သိပြီ,
နောက်ဆုံးကျည်ဖြင့်ကျန်ပါသေး ... ။
အဖေ့သွေးရယ်မို့
ရှေ့ရေးကိုဇွဲမာန်သစ်ကာဖြင့်
ဒီတစ်ကြိမ်အမှန်ဖြစ်စေတော့
ဥာဏ်အမြင်စံတွင်ရစ်လေမယ့်
(အိုကွယ့်) တို့မြန်မာ့အရေး။





ဂီတ ထံတျာ
တေးကဗျာကို
ရေးကာသီကျူး
ရွတ်ဆိုဖူးမှ
အထူးလေးပြု
ယဉ်ကျေးမှုသည်
လူတို့တီထွင်
ဖန်တီးရှင်ဖြစ်
ဥာဏ်ကွန့်စစ်လျက်
ခေတ်ဆက်ဆက်ပြန်
ကျယ်ဝန်းဟန်အား
ရိပ်စားတီးခေါက်
အစကောက်မိ
ဝမ်းမြောက်ဝမ်းသာရှိပြီတကား...။


"အားသစ်မိုး"

တစ်ပေါက်နှစ်ပေါက် မိုးရေအောက်
ရွှင်ရွှင်လန်းလန်းတို့ဝမ်းမြောက်။
နွမ်းခြောက်ခဲ့ရ ရက်ရှည်ကြာ
ရော်ရွက်ဝါတို့ကြွေခဲ့ရှာ။
ဖူးသစ်ဝေဆာစိမ်းစိုရေး
ဝဿန်မိုး က အားသစ်ပေး။
မိုးနဲ့လေနဲ့ စိတ်သစ်မွေး။
ည ၁၀း၄၅  ၁၆ .. ၉.. ၂၀၁၅


"ရှမ်းပြည်ကုသိုလ်"

အေးချမ်းလှတဲ့တို့ရှမ်းပြည်
နှင်းငွေရည်တို့ သက်သေတည်။
တောင်တန်းပီပီ ကုန်းမော့မော့
သစ်တောကြားက လေပြည်နှော့။
တန်ဆောင်မုန်းပေါ့ လမြတ်ဆို
မီးပုံးပျံပွဲနွှဲသကို။
ကုသိုလ်ပါရမီတူနိုင်ရိုး
ကထိန်ဒါနဆက်ဆက်တိုး
တို့ရှမ်းတောင်သူဘဝမျိုး။

"ပြုမြဲဂါရဝ ရိုသေကြ"

အသက်ဂုဏ်ဝါ
ကိုယ့်ထက်သာက
ခစားဆည်းကပ်
ရိုသေမြတ်နိုး
ကောင်းကျိုးသာစွ
ဂါရဝတည်း။

ရိုသေထိုက်သူ
ရိုသေမူကား
လူများချီးကျူး
အထူးချမ်းသာ
သက်ရှည်စွာမြဲ
အဆင်းလည်းလှ
ခွန်အားဗလတိုး
အမျိုးမြင့်မြတ်
လူနတ်ရိုသေ
ကျိုးထွေထွေတည်း။

ဆရာမိဘ
လမ်းပြညွှန်ကြား
ကြီးသူများနှင့်
ဂုဏ်ဝါမြင့်သူ
ကျေးဇူးဟူသမျှ
သတိရကာ
လေးစားစွာဖြင့်
ကျိုးကြောင်းသင့်တိုင်း
တုံ့မဆိုင်းဘဲ
ပြုမြဲဂါရဝ ရိုသေကြ။

"သင်္ကြန်မေတ္တာ"

သင်္ကြန်တော်ဦး နှော့မြူးလေပြေ
ပိတောက်ရွှေရည်လူး အထူးတင့်နေ
ဂီတသီချင်း ဆိုတီးရင်းလေ
အတာကူး နှစ်ဦး အခါတော်ရေ။

နှစ်ဟောင်း ညစ်ကြေး ပြေပျောက်ပါစေ
စိတ်သစ် လူသစ် ခေတ်သစ်မှာနေ
မြန်ပြည်တစ်ဝှမ်း ရွှင်လန်းစွာလေ
ရေကြည်ဖျန်း ထုံမွမ်း မေတ္တာပေ။

*ဘေးအန္တရာယ် ပေါများကြွယ်သည့်
ဤလူ့ဘဝ  တခဏဝယ်
လူရယ်ချင်းချင်း  ရိုင်းပင်းကြလျက်
ဆင်းရဲချမ်းသာ  မခွဲခွာတတ်
မွန်မြတ်စိတ်ထား တည်စေသား။

*အသိပညာ  နည်းပါးရှာသော
စိတ်ချော ရိုးသား  နုငြားသွယ်နုပ်
ဇနပုဒ်ဝယ်  ပျိုလေးငယ်အား
မိကွယ် ဖကွာ တပါးရွာသို့
သနားညှာတာ မငဲ့ပါပဲ
အသပြာရူး  လူကုန်ကူးလို့
ညွှန့်ဖူးချိုးခြွေ  ပြုရက်လေသည်
များထွေပန်းတို့ ကြွေခဲ့၏။

*အပါယ်မကြောက်  လူထွက်လောက်တို့
သင်လည်းလူသား  သူလူသားတည်း
ဘယ်စည်းတားကာ  ဘာများကွာလို့
လူကုန်ကူးဖို့ ကြံကြသနည်း။

*ဤမြေမှာဖွား ဤမြေသားမို့
ကိုယ့်သား ကိုယ့်သွေး  စောင့်ရှောက်ပေးလျက်
အရေးတယူ  ဖေးမကူမည်
အခုသည်မှာ သည်နေရာတွင်
သင်တို့လုပ်ရပ်  အဆုံးသတ်လော့။

"ဘယ်ခါမခမ်း မေတ္တာစမ်း"

သူ၏ဝမ်းမှာ
လပေါင်းကြာအောင်
ပူစပ်ရှောင်ရှား
သမီးသားတွက်
နေ့ရက်များစွာ
ကျန်းမာစေကြောင်း
ဒုက္ခပေါင်းကို
မငြိုငြင်ဘဲ
အားမာန်ခဲကာ
မွေးသောခါတွင်
မျက်နှာမြင်က
ဝမ်းသာရပြီ
အမေဟူသည် မေတ္တာစမ်း။

ကလေးတစ်ယောက်
လူလားမြောက်ရေး
နို့ချိုကျွေးကာ
ဖျားနာမရှိ
ကောင်းစွာသိပြီး
ပူအေးဆီးတား
ညွှန်ကြားဆုံးမ
ဘဝလှအောင်
စွမ်းဆောင်ကြိုးပမ်း
မမောပန်းဘဲ
ရွှင်လန်းမြဲလေ
အမေဆိုသည့် မေတ္တာစမ်း။

အမေမွေးလို့
လူရေးလူရာ
ရောက်သည့်ခါမှ
မေ့လျော့ကြပေ
မေတ္တာတွေ။
အမေကျွေးလို့
ရွှင်အေးကျန်းမာ
ရှိသည့်ခါမှ
ပြောင်းတတ်ကြပေ
စိတ်ထားတွေ။

ဘယ်လိုဘဝ
ရောက်ကြရလည်း
အမြဲတစေ
တို့အမေတည်း....
ကံကြောင်းဆန်း၍
နိမ့်ကျနွမ်းလျော့
ဖျော့တော့ပါစေ
တို့အမေတည်း...

အမေ့မေတ္တာ
စမ်းပမာကား
ဘယ်ခါမပြောင်း
သိစေကြောင်းကို
ထပ်လောင်းနှိုးဆော်ရပါသတည်း။












"နိဝါတမင်္ဂလာ"

မာနတံခွန် ဂုဏ်မကြွလေနဲ့
ကြုံရမယ့်တရားတွေ။
မောက်မာကာရိုသေကင်း
သိမ်ဖျင်းပါပေ။
သာရိပုတ္တရမြတ်မထေရ်
မှတ်ယူလေဆိုစကား။
ကိုရင်ငယ်လျှောက်တင်ချက်ပင်
သက်ဝင်လေးစား။

စွယ်ကျိုး မြွေ ချိုကျိုးနွားသို့
မာန်သုံးပါးလျှော့စေပါ။
နူးညံ့စရာတကယ်မရှိပါက
အတိမာနသူစေရာ။
စည်းစိမ်နဲ့ရာထူးအာဏာ
ပညာမာန် လှရုပ်ဆင်း။
ဂုဏ်သတင်းတွေထုံသင်းဝေသလောက်
မြှောက်တတ်လေခြင်း။

အနေအထိုင်အချိုးကျ
အပြောအဆိုက ချိုသာ။
သိမ်မွေ့ကာလွန်ယဉ်ကျေး
လူမှုရေးရာ။
ဘဝအသိ အဖြာဖြာ
ဆင်ခြင်ပါမင်္ဂလာတစ်ပါး။
နှိမ့်ချကာလွန်ပျော့ပျောင်းမှ
နိဝါတ တရား။



  
"ကိုယ်တိုင်ဖတ်စရာ ဆုံးမစာ"

အစကတော့ ပေါ့သလိုလိုပါ
အချိန်ကြာလာတာနဲ့အမျှ
ကျောပိုးအိတ်ကတဖြည်းဖြည်း လေးလံ
ချထားခဲ့ပြန်လည်းမဟုတ်
ကြီးတော်နွားကျောင်းတဲ့အလုပ်တွေကြောင့်များလား...
မွန်းတည့်ချိန်တော့ ကျော်သွားပြီနော်။



"သူ့သတင်း"
စုံမြိုင်တွင်းက ပန်းခင်းမှာ 
အလုပ်များတဲ့ရွှေလိပ်ပြာ။
ရစ်ကာဝဲကာပျံပါပေါ့
ကဟန်မြူးကာလေမှာဆော့။
အတောင်ညောင်းတော့နားရှာသည်
ရနံ့အီတဲ့ ပန်းတွေဆီ။
ဝတ်မှုန်သီတဲ့သူ့သတင်း
သယ်ဆောင်လေညင်းတသင်းသင်း။

"ပျား"
လုံ့လ ဝီရိယ ဇွဲအရာ
အလွန်ထူးတဲ့ သတ္တဝါ။
တာဝန်ကျရာကျေပွန်စွမ်း
သူ့လုပ်အားက အံ့မခန်း။
အစဉ်လန်းတဲ့ အလုပ်ရုံ
ဗိသုကာမြှောက်ချီးမွမ်းဂုဏ်။
ပျားတစ်အုံလိုတို့လူသား
ညီညွတ်ကြဖို့စံပြုထား...
သင်ခန်းစာတွေပေးတဲ့ပျား... ။
"အယူ..."
ညောင်တွေ့လျှင်ကွန်းဆောက်
အုန်းမြှောက်လို့ နတ်တင်။
ဘယ်အရှင်ဘယ်ချိန်မြန်း
မှန်းဖြူနီဆင်။
တစ်ဦးက စလျှင်
ဒီနတ်စင် တင်ပေရော့။
သမိုင်းစဉ် ရာဇဝင်ကြောင်းနဲ့
ပြောင်းခက်လေတော့။


"ပမာဒ"
မိုးမှောင်တခါ
မကျလာသရွေ့....။
ပြာလွင်တဲ့ ကောင်းကင်အောက်ဆို
မုန်တိုင်းကိုမေ့...။

"တို့စိတ်ထား"
အသားအရေမတူလည်း
မြန်မာ့မြေဟာ တို့မြေ ပဲ။
အစားအနေ မတူကွဲ
မြန်မာပြည်ဟာ တို့ပြည်ပဲ။
တို့နိုင်ငံမြဲကောင်းစားရန်
တစ်ဦးချင်းစီတို့တွေးကြံ။
တစ်ယောက်မကျန် ကြိုးစားမှ
အသိအလိမ္မာ တိုးကြွယ်ဝ ...
မြေပြန့်တောင်ပေါ်ခွဲခြားမရ။


"ညနေခင်းရဲ့ လင်းရောင်ခြည်"

ညနေခင်းရဲ့လင်းရောင်ခြည်
အားမာန်သစ်နဲ့ ကြဉ်းဆောင်ပြီ။
တစ်နေ့တာဆီ ခရီးသွား
တစ်နေကုန်လည်း သူမနား။
ရွှင်လန်းအားရပြုံး ဝေဖြာ
ခံစားသူတိုင်းမင်္ဂလာ။
နောက်တနေ့ မှာ ကျက်သရေတိုး
နေရောင်ဝင်းမယ့် သူ့တန်ခိုး 
ဘုန်းရှိန် ကံရှိန် အလှဖြိုး။
"တို့နိုင်ငံနဲ့ တို့အလံ"

မိုးမြင့်ထက်ကကောင်းကင်ယံ
ငါတို့အလံ လွှင့်လို့ပျံ။
ဝါစိမ်းနီ ထံ ကြယ်ဖြူပွင့်
တို့ပြည်ထောင်စု ကြွားကြွားဝင့်။
တိုင်းနှင့်ပြည်နယ်တစ်ဝှမ်းနေ
သွေးချင်းဆွေတို့ ညီတူပေ။
မြန်တိုင်းဌာနေ တိုးတက်ဖို့
စည်းလုံးညီညွတ်ကြပါစို့
အလံတော်ကို အလေးပြုလို့။
"ယာတောပျိုနဲ့ ချိုးငှက်လေး"

ပင်ယံဖျားမှာ ပျော်ရွှင်မြူး
ချိုးလေးတကူကူး။
ညင်းလေဖြူးတော့ ယိမ်းနွဲ့ပြန်
ကိုင်းရွက်လှုပ်ခတ်သံ။
လုပ်ငန်းပြန်တဲ့ ပျိုတစ်သင်း
မောပြေဆိုသီချင်း။
သာယာညှင်းသွဲ့ ကူကူးဆို 
ချိုးလေး သံချိုချို။
ယာတောပျိုနဲ့ ချိုးငှက်လေး
သဘာဝရဲ့တေး။